ဆယ်ကျော်သက်တို့ မိဘများဖတ်ဖို့ (၂)

"ဆယ်ကျော်သက်တို့မိဘများ သိထားသင့်တဲ့အချက် (၇) ချက်" (အပိုင်း-၂)


(၁) "နားထောင်တတ်တဲ့ အလေ့အကျင့်၊ ပတ်ဝန်းကျင်ကို ဖန်တီးပေးပါ"


❤ "တစ်နေရာတည်းမှာပဲ ငြိမ်ငြိမ်လေးထိုင်ပြီး စကားတွေပြောဆို ဆွေးနွေးနေဖို့ဆိုတာ ဆယ်ကျော်သက်တို့ရဲ့သဘာဝမဟုတ်ပါဘူး" လို့ New York မြို့ Columbia -Presbyterian Medical Center က Behavioral and Developmental pediatrician တစ်ဦးဖြစ်တဲ့ Dr. Candace Erickson ကဆိုပါတယ်။

ဆိုလိုချင်တာက သိချင်တာ၊ ပြောချင်တာရှိရင် လူကြီးတွေလို အစည်းအဝေးတစ်ခုပုံစံမျိုး မလုပ်သင့်ဘူးလို့ ဆိုတာမျိုးပါ။ အဲဒီတော့ နေရာမရွေး၊ အချိန်မရွေး သူတို့နဲ့ ပြောဆိုဆက်ဆံနိုင်ဖို့ မိမိတို့မိသားစုမှာ အလေ့အထတစ်ခု၊ ပတ်ဝန်းကျင်တစ်ခု ဖန်တီးထားနိုင်ဖို့လိုပါတယ်။ သူတို့ပြောဆိုချင်တဲ့အခါ အချိန်မရွေးနားထောင်ပေးနိုင်တဲ့၊ သူတို့ကြုံတွေ့နေရတဲ့ အကြောင်းအရာတွေ၊ အခက်အခဲတွေကို ပေါ့ပေါ့ပါးပါးနဲ့ ပြောနိုင်ဆိုနိုင်တဲ့ အခြေအနေဝန်းကျင်တစ်ရပ် ဖန်တီးထားပေးပါ။

အဲဒါဆိုရင်သူတို့အရေးတကြီးကိစ္စကြုံတွေ့ပြီး ရင်ဖွင့်စရာ၊ ပြောစရာရှိလာတဲ့အခါ၊ မိဘတွေဆီကို သာမန်အလေ့အထတစ်ခုလိုပဲ ပေါ့ပေါ့ပါးပါး၊ တွန့်ဆုတ်မှုနည်းပါးစွာနဲ့ လာရောက်ချဉ်းကပ် ပြောဆိုနိုင်ပါလိမ့်မယ်။

❤ ဒီလိုအခြေအနေကိုဖန်တီးနိုင်ဖို့ ကောင်းမွန်တဲ့နည်းလမ်းတစ်ခုကတော့ သူတို့အတွက်သီးသန့်အချိန်တစ်ခု၊ အခြေအနေတစ်ခုကို ပုံမှန်ဖန်တီးပေးထားတာပါပဲ။ ဥပမာ.. ကိုယ့်သားသမီးနဲ့ နေ့လည်စာအတူ ထွက်စားတာမျိုး၊ ရုပ်ရှင်အတူတူ သွားကြည့်တာမျိုး၊ အတူတူစွန့်စားလို့ရတဲ့ လုပ်ဆောင်မှုတစ်ခုခု လုပ်ဆောင်တာမျိုး၊ ပန်းချီသင်တန်း အတူတူတက်တာမျိုး စသည်ဖြင့်ပေါ့။

❤ ညစာအတူတူစားတဲ့ မိသားစုညစာထမင်းဝိုင်းကလည်း အင်မတန်မှအရေးကြီးပြီး လိုအပ်တဲ့ အလေ့အထတစ်ခုပါ။ တစ်ခါတရံ ဒီအချက်ကို အလေးမထားတတ်ကြဘူး။ ဒါဟာ မိသားစုသီးသန့်အချိန်တစ်ခုရဖို့ အကောင်းဆုံးအခွင့်အရေးပါပဲ။

ကျောင်းဆရာမတစ်ဦးလည်းဖြစ်ပြီး "Ask Me If I Care: Voices from an American High School" ဆိုတဲ့ ဆောင်းပါးကိုရေးသားခဲ့တဲ့ Nancy Rubin ကဘာပြောလဲဆိုရင် " မိသားစုညစာအတူတူ စားသုံးခြင်းဟာ အင်မတန်မှရိုးရှင်းတဲ့ ကိစ္စရပ်တစ်ခုပါ။ ဒါပေမဲ့လည်း ကလေးပေါင်းများစွာနဲ့ ၂၆ နှစ်လုံးလုံး နီးနီးကပ်ကပ် အလုပ်လုပ်ခဲ့ရတဲ့ ကျွန်မရဲ့အတွေ့အကြုံအရ ဒါဟာအင်မတန်ထူးခြားတဲ့ ရလဒ်ကို ပေးစွမ်းနိုင်ပါတယ်။
ညစဉ်ညတိုင်း အတူတကွညစာစားတဲ့ အချိန်တွေမှာ မိဘတွေဟာ ဆယ်ကျော်သက်တွေ ပြောချင်သမျှကို စိတ်ပါဝင်စားစွာ နားထောင်ပေးခြင်းဟာ သူတို့ကို လေးစားသမှု ပြုတာ၊ ပြတာနဲ့အတူတူပါပဲ။ သူတို့အတွက်လည်း အရေးပါပြီး မိဘများရဲ့ အလေးထား၊ အရေးတယူပြုမှုကို နားလည်ခံစား သိရှိနိုင်ပါတယ်" လို့ ရှင်းပြခဲ့ပါတယ်။




(၂) "ပေါ့ပေါ့ပါးပါးနဲ့ ခရီးသွားဟန်လွှဲ ပြောဆိုဆွေးနွေးပါ"


❤ ကိစ္စရပ်တစ်ခု၊ အကြောင်းအရာတစ်ခုကို မိဘများနဲ့ ဆယ်ကျော်သက်များ အတူတကွလုပ်ဆောင်နေတုန်းမှာပဲ  အခြားအကြောင်းအရာ တစ်ခုအကြောင်းကို ပေါ့ပေါ့ပါးပါး မေးမြန်းပြောဆိုဆွေးနွေး ခြင်းဟာလည်း ဆယ်ကျော်သက်တွေနဲ့ အထိရောက်ဆုံး ပြောဆိုဆွေးနွေးနိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ မူရင်းစာမှာတော့ " Parallel Conversation" လို့သုံးပါတယ်။ တစ်ယောက်နဲ့တစ်ယောက် မျက်လုံးချင်းဆုံ၊ မျက်နှာချင်းဆိုင်ပြီး ပြောဆိုဆွေးနွေးတာမျိုးမဟုတ်ဘဲ အခြားကိစ္စရပ်တစ်ခုလုပ်ဆောင်နေတုန်းမှာ ပြောကြဆိုကြတာမျိုးပေါ့။ ဥပမာ ရုပ်သံအစီအစဉ်တစ်ခုကို အတူတူ ကြည့်နေတုန်းမှာပဲ အခြားကိစ္စတစ်ခုကို ပြောဖြစ်တာ၊ တစ်နေရာရာကို ကားမောင်းသွားနေတုန်း ကားပေါ်မှာစကားပြောကြတာ၊ အိမ်သန့်ရှင်းရေးအတူတူ လုပ်နေတုန်းမှာ ကျောင်းကကိစ္စ၊ သူငယ်ချင်းတွေနဲ့ဆက်ဆံရေး စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတာတွေဟာ မထင်မှတ်လောက်အောင်ကို အကျိုးရှိပါတယ်။

ဘာ့ကြောင့်လဲဆိုတော့ ဆယ်ကျော်သက်တို့က ဒီလိုအခြေအနေမျိုးမှာ ပြောရဆိုရ ဆွေးနွေးရတာ 'သက်သောင့်သက်သာ' ရှိနေလို့ပါပဲ။ မိဘနဲ့ထိပ်တိုက်ရင်ဆိုင်ပြောနေရတဲ့ အခြေအနေမျိုး မဟုတ်ဘူးလေ။ အတူတကွ စက်ဘီးလျှောက်စီးရင်း အကြောင်းအရာအတိုလေးတွေ ဆွေးနွေးကြတဲ့ပုံစံမျိုး၊ ဥပမာ.. ကျောင်းကဆရာ၊ ဆရာမတွေနဲ့ သူငယ်ချင်းတွေအကြောင်းကို အလေးအနက်ပုံစံမဟုတ်တဲ့ အနေအထားမျိုး၊ ပေါ့ပေါ့ပါးပါးနဲ့ ပြောဆိုရတဲ့အခါ ဆယ်ကျော်သက်တို့ ပိုပြီး ပြောချင်ဆိုချင်စိတ်ရှိတတ်ကြပါတယ်။

(နောက်အပတ် တွေမှာလည်းကျန် အချက်များကိုဆက်လက်တင်ပြသွားပါ့မယ်ရှင်)

Crd : Saw Than Htut Lynn
မဆွေဇင်
၅.၇.၂၀၁၉
#Swe_Zin_MHR
#Swe_Zin_Mhr
#MHR_Management_Institute

Comments

Popular posts from this blog

Daily Use Habits

အလုပ်တွင် ကောင်းမွန်ထိရောက်သော ဆက်သွယ် ပြောဆိုခြင်း၏ အရေးပါမှု