အမျိုးသမီးတစ်ဦး၏ ဘဝကို ပညာဖြင့် အလှဆင်ပါ။

"အမျိုးသမီးတစ်ဦး၏ ဘဝကို ပညာဖြင့် အလှဆင်ပါ။"


ကျွန်မတို့ မြန်မာ အမျိုးသမီးများသည် ရှေး အဆက်ဆက်ကပင် မိန်းကလေးဆို ပညာ တတ်စရာမလိုဘူး အချိန်ကျလို့ အရွယ် ရောက်ရင် အိမ်ထောင်ပြုမှာပဲ စာသင်စရာ မလိုပါဘူးစာရေးတတ်၊ ဖတ်တတ်ရင်ရပါပြီလို့ အမြဲတမ်းပြောဆိုမှုတွေကို ကျွန်မတို့လူတိုင်း ကြားဘူးကြမယ် ထင်ပါတယ်။ ဒါပေမယ့် ယခုလိုပြောင်းလဲတိုးတက်လာတဲ့ ခေတ်ကြီး မှာ အမျိုးသမီးဖြစ်ဖြစ်၊ အမျိုးသား ဖြစ်ဖြစ် ပညာတတ်မှ လူရာဝင်ပြီး လူ့အသိုင်း အဝိုင်းမှာဝင်ဆန့်နိုင်မှာဖြစ်ပါတယ်။ ကျွန်မတို့ လိုအမျိုးသမီးတွေ အတွက် ပညာရေးက ပို၍ပင် လိုအပ်သည်ဟု ကျွန်မအနေဖြင့် ထင်မိပါတယ်။



အမျိုးသမီးတယောက်သည်လှပနေဖို့ဆိုလျှင် ရုပ်အင်္ဂါအရလှပရန်လိုအပ်သလို ၊ စ်ိတ်ထား ကောင်းမွန်ပြီး၊ လူတိုင်းက လေးစားရသော အသိပညာ ဗဟုသုတ ကြွယ်ဝမှုအပြင် ကောင်းမွန်သော စဉ်းစားတွေးခေါ်နိုင်သော ဥာဏ်ပညာကြွယ်ဝရန်လိုအပ်ပါတယ်။ ထိုကဲ့ သို့သော အမျိုးသမီးမျိုးဆိုရင် လူတိုင်းက လေးလေးစားစား ဆက်ဆံခံရခြင်း၊ ကိုယ်ရဲ့ ပညာဥာဏ်ရှိမှုကြောင့် မိဘဆွေမျိုး အသိုင်း အဝိုင်းတွင်ကိုယ့်မိဘမှာ အများ၏ ချီးကျူး ပြောဆိုခံရခြင်းစသည့်အကျိုးများကို ခံစား ရပါတယ်။ အိမ်ထောင်ကျသည့် အခါတွင် လည်း အမျိုးသား၏ လေးစားမူ၊ နေရာပေးမူ၊ ဦးစားပေးမှုများ ရရှိနိုင်သည့်အပြင် ကိုယ်က မွေးဖွားလာမည့် မျိုးဆက်သစ်များ ကိုပါ မှန်ကန်စွာလမ်းမှန်ကို ချပေးနိုင်မည့်အပြင်၊ မိသားစု၏ ကျန်းမာရေး၊ လူနေမူ အဆင့်အတန်း၊ တွေးခေါ်ပုံ စသည်တို့ပါ မြင့်မားပြီးလူတိုင်းက စံပြ သတ်မှတ်ခြင်းခံရ မည့်မိသားစုဖြစ်နေမှာဖြစ်ပါတယ်။

ပညာရှိသူတို့၏ တွေးခေါ်ပုံ၊ စဉ်းစားပုံတို့က အမြဲတမ်း စေ့စပ်သေချာပြီး အမြဲတမ်း စနစ်တကျ စီမံခန့်ခွဲနိုင်မှာ ဖြစ်ပါတယ်။

လူတစ်ယောက်အနေဖြင့် ဘဝမှာ ရဲရဲရင့်ရင့် နေနိုင်ရန်အတွက် ပညာတတ်တစ်ဦးဖြစ်ရန် လိုအပ်ပါတယ်။ အမျိုးသမီးများ အနေဖြင့် လည်း မိမိ၏ ဘဝကို အလှပြင် ပစ္စည်းများ၊ ဈေးကြီးသည့်အသုံးအဆောင် ပစ္စည်းများ ဖြင့်မည်မျှပင် အလှကို ဖော်ကျူးနေပါစေ ပညာဆိုသောအလှနှင့်ဖော်ကျူးမယ်ဆိုလျှင် မည်သည့် အသက်အရွယ်မဆို တင့်တယ် လှပနေမှာဖြစ်ပါတယ်။

ဘဝတွင် ဂုဏ်သိက္ခာရှိစွာဖြင့် ရပ်တည်နိုင်ဖို့ အတွက် လူငယ်တိုင်း အနေဖြင့် ပညာသင်ကြား ရမည့်အချိန်တွင် ပညာကို အပတ်တကုတ်ကြိုးစား သင့်ပါတယ်။

အထူးသဖြင့် အမျိုးသမီးတစ်ဦး အနေဖြင့် ယခုလို ခေတ်အခါ မျိုးတွင် လူတိုင်းနဲ့ ရင်ဘောင်တန်းနိုင်ရန်အတွက်ပညာဆိုသည့် အဆင်တန်ဆာ ကိုသာ ကိုယ်နဲ့မကွာ အမြဲရှိ သင့်ပါတယ်။

ထို့ကြောင့် အမျိုးသမီးတိုင်းအနေဖြင့် ယခုလို တိုးတက်လာသည့်ခေတ်တွင် အသက်ကြီး သည်၊ ငယ်သည်မဟုတ်ပဲ ရတဲ့အချိန်တွင် ကိုယ့်အတွက် အသိပညာ၊ အတတ်ပညာ တိုးစေမည့် စာများကိုဖတ်ခြင်း၊ ဟောပြောပွဲများတက်ရောက်ခြင်း၊ အချိန်ရလျှင် သင်တန်း များ တက်ရောက်ခြင်း စသည့် အကျိုးရှိမည့်အကြောင်းအရာများကို ပြုလုပ် သင့်တယ်လို့ ကျွန်မအနေဖြင့် တိုက်တွန်း ချင်ပါတယ်။ ပညာဟုဆိုရာတွင်လည်း ဘွဲ့၊ မဟာဘွဲ့၊ပါရဂူဘွဲ့ တွေကဲ့သို့ Academic ဘွဲ့တွေရှိခဲ့ရင်တော့ အကောင်းဆုံး ဖြစ်ပေ မယ့် ထိုကဲ့သို့ ဘွဲ့များမရှိလျှင်လည်း အားငယ်စရာမလိုဘဲမိမိ၏ အသက်မွေးဝမ်း ကျောင်းဆိုင်ရာပညာရပ်အပိုင်းကို ကျွမ်းကျင် ပိုင်နိုင်တတ်မြောက်ထားလျှင်လည်း ဘဝ အတွက်တင့်တယ်မှာဖြစ်ပါတယ်။ ဥပမာပြောရလျှင်စက်ချုပ်တတ်ခြင်း၊ပန်းချီဆွဲ တတ်ခြင်း၊ဒီဇိုင်းနဲ့ပတ်သတ်သော ဆန်းသစ် တီထွင်နိုင်ခြင်း၊ မိတ်ကပ်ပညာဝါသနာပါခြင်း၊ အချက်အပြုတ်ကျွမ်းကျင်ခြင်း အစရှိသည့် professional ဖြစ်သော ပညာရပ်များကို အဆင့်ဆင့်လေ့လာပြီးပညာရှင်တစ်ယောက် ဖြစ်သည်အထိကြိုးစားနိုင်ပါတယ်။

ထို့ကြောင့်ကျွန်မတို့လို မြန်မာအမျိုးသမီး များအနေဖြင့် "ပညာရဲရင့်ပွဲလယ်တင့်" ဆို သည့်မြန်မာစကားပုံ အတိုင်း လူမှုအသိုင်း အဝိုင်းလူမူပတ်ဝန်းကျင်တွင် မိမိကျွမ်းကျင် ပိုင်နိုင်တတ်မြောက်သော ပညာကို ဂုဏ်ယူ စွာထုတ်ဖော်ပြီး မိမိ၏အလှကို ပညာဆိုသော တန်ဖိုးမဖြတ် နိုင်သည့် အဆင်တန်ဆာဖြင့် ဖော်ကျူးပြီး အဖိုး မဖြတ်နိုင်သည့်ပညာတတ် မြန်မာအမျိုးသမီး ကလေးများဖြစ်လာစေရန် ရည်ရွယ်၍တိုက်တွန်း အားပေးလိုက်ပါတယ်။

မဆွေဇင်MHR
၉.၆.၂၀၁၈

Comments

Popular posts from this blog

Daily Use Habits

ဆယ်ကျော်သက်တို့ မိဘများဖတ်ဖို့ (၂)

အလုပ်တွင် ကောင်းမွန်ထိရောက်သော ဆက်သွယ် ပြောဆိုခြင်း၏ အရေးပါမှု