ဆယ်ကျော်သက်တို့ မိဘများဖတ်ဖို့ (၄)
"ဆယ်ကျော်သက်တို့မိဘများ သိထားသင့်တဲ့အချက် (၇) ချက်" (အပိုင်း-၄)
(၅) "ကိုယ်ပိုင်သီးခြားလွတ်လပ်ခွင့်ပြုပေးပါ"
❤ ဆယ်ကျော်သက်တွေမှာ လိုအပ်တဲ့ အရေးကြီးခံစားမှုတစ်ခုက သူတို့ရဲ့ နေ့စဉ်ဘဝတွေမှာ မိဘတွေဟာ ညွှန်ကြားချက်တွေ အချိန်ပြည့်ပေးမနေဘဲ၊ သူတို့ကို သီးခြားလွတ်လပ်ခွင့်တွေပေးထားတယ်၊ သူတို့ရထားတယ် ဆိုတဲ့ခံစားချက်ပါ။ သူတို့ရဲ့ကိုယ်ပိုင်အခန်းက ဒီအရွယ်မှာသူတို့အတွက် အရေးပါတဲ့ ကမ္ဘာလေးဖြစ်ပါတယ်။ ဘယ်မိဘကမှ သူတို့သီးသန့်နေရဖို့ အိမ်ကထွက်သွားမှာကို လိုချင်မှာမဟုတ်ပါဘူး။ ဒါကြောင့် မိမိတို့ရဲ့နေအိမ်မှာပဲ သူတို့အတွက်သီးသန့်အခန်းလေး စီစဉ်ခွင့်ပြုပေးဖို့လိုပါတယ်။
သူတို့ရဲ့အဲဒီကိုယ်ပိုင်အခန်းတွေမှာတော့ နေ့စဉ်ဆယ်ကျော်သက်တွေရဲ့စကားသံတွေ၊ ဆယ်ကျော်သက်အကြောင်းအရာတွေ၊ သီချင်းသံတွေ၊ စားသောက်မှုတွေ၊ ဂိမ်းကစားသံတွေနဲ့ ဆူညံနေမှာပါပဲ။ ဒါပေမဲ့လည်း ဒါဟာအဆင်ပြေပါတယ်။ မိဘတွေအတွက်လည်း သူတို့ အိမ်ထဲမှာပဲရှိနေတယ်၊ လုံခြုံမှုရှိနေတယ်ဆိုတာကို သိရပြီး စိတ်အေးရနိုင်ပါတယ်။
❤ သူတို့ရဲ့ သီးခြားကမ္ဘာလေးကိုပိုင်ဆိုင်ချင်တဲ့ ဆယ်ကျော်သက်တို့ရဲ့ နောက်ထပ်အကြောင်းအရင်းတစ်ခုကတော့ ဆယ်ကျော်သက်အရွယ်မှာ မိဘရင်ခွင်ထဲကနေ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာပါ ခွာထွက်ချင်မှုကြောင့်ပါ။
သိသာထင်ရှားတဲ့ အပြုအမူတွေကတော့ မိဘနဲ့ တစ်ခွန်းမေးတစ်ခွန်းဖြေ ဖြစ်လာမယ်၊ မိဘကဖက်ထားရင်တွန်းထုတ်ချင်လာမယ်၊ မိဘနဲ့အပြင်အတူတူသွားဖို့ ငြင်းဆန်မယ်၊ မလိုက်ဘူး စသည်ဖြင့်ပေါ့။ တချို့မိဘများကဒီအခြေအနေကို လက်မခံနိုင်ဘဲ သူတို့ဖြစ်ချင်တာတွေကို ခွင့်မပြုတာမျိုးတွေ ရှိနိုင်ပါတယ်။ ဒါပေမဲ့ ဒီလိုအခြေအနေမျိုး၊ အပြုအမူမျိုး နဲ့တုန့်ပြန်မှုတွေဟာ ဆယ်ကျော်သက်၊ မြီးကောင်ပေါက်ဘဝမှာဖြစ်တတ်တဲ့ ပုံမှန်သဘာဝပါပဲ လို့ "How to Talk So Kids Will Listen and Listen So Kids Will Talk" ဆိုတဲ့စာအုပ်ကိုပူးတွဲရေးသားတဲ့ Adele Faber ကဆိုပါတယ်။
သူကထပ်ပြီး "မိဘတွေသတိမထားမိတဲ့အချက်တစ်ချက်ရှိပါတယ်။ အဲဒါကတော့ ဆယ်ကျော်သက်တွေကသူတို့မိဘတွေကို တွန်းထုတ်ပြီး ကိုယ်ပိုင်သီးခြားနေချင်ပေမယ့် မိဘတွေကသူတို့ကို မိဘရင်ခွင်ထဲက ပြန်တွန်းထုတ်မှာကိုတော့ မလိုလားကြပါဘူး" လို့ပြောခဲ့ပါတယ်။
(၆) သင့်အနေဖြင့် သင်ပြောချင်တဲ့အကြောင်းအရာများကို ဆယ်ကျော်သက် သား၊သမီးများကို "စာနဲ့ရေးသားပြောဆိုသင့်ပါသည်"
❤ ကျွမ်းကျင်သူတချို့ရဲ့မိဘတွေကို အကြံပေးချက်တစ်ခုက စာရေးပြီးဆက်သွယ်ဖို့ပါ။ မိဘတွေက သူတို့သားသမီးတွေရှိတဲ့နေရာတိုင်းကို မလိုက်နိုင်ပါဘူး။ ဒါမှမဟုတ်လည်း ကိုယ်ပြောတာကို ဆယ်ကျော်သက်တွေကနားမထောင်ချင်၊ မကြားချင် ဆိုတဲ့အနေအထားတွေရှိနိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ စာနဲ့ရေးပြီးဆက်သွယ်တာဟာ ဆယ်ကျော်သက်တို့အတွက်လည်း လက်ခံနိုင်တဲ့ အနေအထားပါလို့ " Active Parenting of Teens" Video-based program ကိုစီစဉ်တင်ဆက်တဲ့ family therapist တစ်ဦးဖြစ်တဲ့ Michael Popkin ကပြောပါတယ်။
သူက"လူတွေဟာ စာနဲ့ရေးသားထားတာတွေကိုမြင်ရရင်များသောအားဖြင့် ပိုပြီးမှန်ကန်တယ် ယုံကြည်ရတယ်လို့ သတ်မှတ်တတ်ကြပါတယ်။ ပြီးတော့ထပ်ခါတလဲလဲ လည်းဖတ်နေနိုင်တယ်လေ" လို့ပြောပါတယ်။
❤ ဥပမာပြောရရင် မိခင်တစ်ယောက်တစ်ယောက်အနေဖြင့် ပျိုဖော်ဝင်ခါစ ၁၄ နှစ်အရွယ်၊ စပြီး date လုပ်ဖို့အဆင်သင့်ဖြစ်နေတဲ့ သူ့ရဲ့သမီးဖြစ်ကို သူတစ်ကယ်မြတ်နိုးပြီး၊ သူ့အပေါ်မှာလည်းတစ်ကယ်နှစ်နှစ်ကာကာ မြတ်နိုးတဲ့၊ အလေးအနက်ထားတဲ့ သူကိုတွေ့တဲ့အထိ ကိုယ့်ကိုယ်ကိုယ် ထိန်းထိန်းသိမ်းသိမ်းနေဖို့၊ အညှာမလွယ်ဖို့ အကြိမ်ကြိမ် ပြောဆိုဆုံးမဖို့ ကြိုးစားနေခဲ့ပါတယ်။ ဒါပေမဲ့လည်းသမီးဖြစ်သူက ဒီအကြောင်းအရာအစပြုတိုင်း သူအားလုံးသိပြီးသားဆိုပြီး အနားကနေထွက်ခွာသွားလေ့ရှိပါတယ်။ အဲဒါနဲ့ပဲမိခင်ဖြစ်သူက သူ့ရဲ့သဘောထား၊ စိုးရိမ်မှုနဲ့ အတူ သမီးဖြစ်သူကို အပြည့်အဝထိန်းချုပ်ဖို့ အလွယ်တကူ မဖြစ်နိုင်ကြောင်း၊ ဒါပေမဲ့ ကိုယ့်ရဲ့ဖူးစာရှင်အစစ်အမှန်နဲ့တွေ့ဆုံလက်ထပ်တဲ့အချိန်အထိ မိမိကိုယ်ကို ထိန်းသိမ်းနေထိုင်သွားနိုင်ဖို့မျှော်လင့်ကြောင်း စာနဲ့ရေးပြီးသမီးရဲ့အိပ်ရာထဲမှာထားခဲ့ပါတယ်။ သမီးဖြစ်သူထံက စာကိုရရှိကြောင်းအသိပေးတာမျိုးလည်းတစ်ခါမှမရှိခဲ့ပါဘူး။
❤ ဒါပေမဲ့ ၃နှစ်ကြာပြီးတဲ့နောက်မှာတော့ တစ်ရက်မှာမီးဖိုချောင်ထဲသားအမိနှစ်ယောက် စကားလက်ဆုံကျရင်းနဲ့ သမီးဖြစ်သူက သူအခုအချိန်အထိ သူ့ရဲ့ဘဝ၊ သူ့ရဲ့ခန္ဓာကိုယ်ကို သူ့ရဲ့ဖူးစာရှင်အစစ်အမှန်နဲ့ လက်ထပ်တဲ့အချိန်အထိ ထိန်းသိမ်းထားကြောင်း ပြောလာပါတယ်။ အမေ့ရဲ့စာက အမှန်တစ်ကယ်ပဲသူ့ဘဝအတွက်ထူးခြားမှုရှိပါတယ်လို့ ပြောခဲ့ပါတယ်။
(နောက်အပတ် တွင်လည်းနောက်ဆုံး အချက်ကိုဆက်လက်တင်ပြသွားပါ့မယ်ရှင်)
Crd : Saw Than Htut Lynn
မဆွေဇင်
၁၉.၇.၂၀၁၉
#Swe_Zin_MHR
#Swe_Zin_Mhr
#MHR_Management_Institute
Comments
Post a Comment